ရန်ကုန် ဇူလိုင် ၆ ၊
Access to Health မှရံပုံငွေပံ့ပိုးမှုဖြင့် ဖွံဖြိုးရေးမဏ္ဍိုင်အဖွဲ့ LRC၊ PATH၊ MSI အဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Mong Pan Youth Association အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုတုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်အဖြစ် ဇူလိုင်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တပင်ပျော်ကျေးရွာအုပ်စု၊ သစ်သမီးကျေးရွာနှင့် တောင်ဖီကျေးရွာ၊ ရွာငံမြို့နယ်ရှိ ကျေးရွာသူ/သားများအား ကျန်းမာရေးပညာပေးဟောပြောခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်းနှင့် ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းတို့ကို အဖွဲ့ဝင် စုစုပေါင်း (၁၉)ဦးဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ကျေးရွာသူကြီးမှ “ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးခန်း၊ ဝန်ထမ်းမရှိဘူး။ အစိုးရက ပေးနိုင်ရင်သိပ်ကောင်းမယ်။ ရွာက လူငယ်တွေကို ကျန်းမာရေးသင်တန်းတွေပေးချင်တယ်၊ ချိတ်ဆက်ပေးလို့ရရင်ပေးပေးပါ။ ဆေးဝါးတွေလည်းရချင်တယ်။ ရွာမှာ နေမကောင်းရင် ဆေးမြီးတိုနဲ့ကုရတယ်၊ ကြီးကြီးမားမားဆိုရင် ရွာငံနဲ့မြို့ကြီး ဆေးရုံတွေကိုသွားတယ် လမ်းခရီးကလည်းခက်ခဲတယ်ဝေးတယ်။ ချောင်းတွေကို အများကြီးဖြတ်ရတယ်။ ရေလမ်းကုန်းလမ်းနဲ့ သွားရတော့ မိုးရာသီဆို သွားလာဖို့ ခက်ခဲတယ် ရွာမှာပဲ ကုလို့ရရင် သိပ်ကောင်းမယ်။ အခုလိုလာပြီး အသိပညာတွေပေး ပစ္စည်းတွေလာလှူပေးတာတွေအတွက် ကျေးဇူးအရမ်းတင်တယ်။ COVID နဲ့ ပတ်သက်တဲ့ သတင်းတွေ ဘာမှ မသိနေဘူး။ သိတာ သိပ်မကြာသေးဘူး။ မြို့ပေါ် အစည်းအဝေးသွားတက်တော့မှ သိလာတာ ရွာမှာ ဖုန်းလိုင်းလည်းမရဘူး၊ အင်တာနက်လည်းမရဘူးဆိုတော့ ဘာသတင်းအချက်အလက်မှ မရနေဘူး”ဟုပြောကြားခဲ့သည်။
#LRC
#Path
#MSI
#Access_to_Health

https://youtu.be/pD3cvLxDWj0