ဂျူလိုင်လ (၃) ရက်နေ့တွင် ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုး၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Helvetas Myanmar၊ ငြိမ်းချမ်းမေတ္တာအဖွဲ့နှင့် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC)တို့မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းသစ်မိတ်ဆက်ပွဲကို လားရှိုးမြို့တွင် ပြုလုပ်ခဲ့သည်။ စီမံကိန်းသစ်မိတ်ဆက်ပွဲ၏ ရည်ရွယ်ချက်မှာ “Culture for Peace”စီမံချက်အကြောင်းကို တက်ရောက်လာသူများမှ ရှင်းလင်းစွာ နားလည်စေရန်၊ ၎င်းတို့မှတဆင့် ဒေသတွင်း အခြားသော အရပ်ဘက်အဖွဲ့အစည်းများနှင့် စာပေယဉ်ကျေးမှုအဖွဲ့များထံသို့ စီမံချက်အကြောင်း သတင်းစကားပြန့်ပွားစေရန်၊ စီမံချက်တွင် မိမိတို့နှင့်အတူ လက်တွဲဆောင်ရွက်လာစေရန်နှင့် ဗဟုဝါဒ(Pluralism) နားလည်လက်ခံလာပြီး လိုက်နာကျင့်သုံးတတ်လာစေရန် ရည်ရွယ်သည်။ စီမံကိန်းမိတ်ဆက်ပွဲကို လားရှိုးမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ဒေသတွင်းမီဒီယာအဖွဲ့များမှ တက်ရောက်ပြီး စုစုပေါင်း (၄၁)ဦး၊ အမျိုးသမီး (၂၃)ဦးနှင့် အမျိုးသား (၁၈)ဦး တက်ရောက်ခဲ့သည်။
“လူတိုင်း လူတိုင်းဟာ ငြိမ်းချမ်းရေးလို့ ပြောလိုက်တာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်။ ဒီနေ့လို စီမံချက်အကြောင်းကို သေချာသိရတော့ အရမ်းကောင်းတယ်။သတင်းအချက်အလက်များလည်း ရရှိတယ်။ တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ မိမိအနေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့စကား ကြားရတာနဲ့တင် အရမ်းကို ရင်ခုန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စောင့်မျှော်ခဲ့ရတဲ့နှစ်ကလည်း မနည်းတော့ပါဘူး။ ငြိမ်းချမ်းရေးကို အရမ်းကို လိုလားတောင့်တနေရပါတယ်။ အဲဒီအချိန်မှာ အခုစီမံချက်က ငြိမ်းချမ်းခြင်း အနုပညာ ဆိုတော့ အရမ်းကို စိတ်ဝင်စားမိပါတယ်။ အဲဒီလို ငြိမ်းချမ်းရေးမှာ အနုပညာဆိုတဲ့စကားလုံးပါလာတော့ စီမံချက်လုပ်ငန်းတွေကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်မှာလဲ၊ အနုပညာကို ဘယ်လိုသုံးမှာလဲဆိုတာတွေ ကြားရတဲ့အတွက် အလွန် ဝမ်းသာပါတယ်။”ဟု တက်ရောက်လာသူများမှ ပြန်လည်ပြောကြားခဲ့သည်။